ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ ရောဂါကြိုတင် ကာကွယ် ရေးသုံးပစ္စည်းများနှင့် အလှူငွေများ သွားရောက်လှူဒါန်း

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၃၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လမ်းဦးစီးဌာန ဝန်ထမ်းမိသားစုတို့က ရောဂါကြိုတင် ကာကွယ်သုံးပစ္စည်းများနှင့် အလှူငွေကျပ်ငါးသိန်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ လာရောက် လှူဒါန်းပေးခဲ့ကြပြီး ယနေ့ နံနက်ပိုင်းက လှူဒါန်းထားရှိသည့် ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများနှင့်အလှူငွေများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာလေးခုနှင့် တက်သစ်တိုက်နယ် ဆေးရုံသို့မြို့နယ် တာဝန်ရှိသူများက ပြန်လည်၍ သွားရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

လှူဒါန်းမှုများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က ရန်ကုန်မြောက်ပိုင်းခရိုင်၊ လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သန်းဌေး နှင့် ဝန်ထမ်းမိသားစုတို့မှ စုပေါင်းလှူဒါန်းထားရှိသည့်  ငွေကျပ်ငါးသိန်းတန်းဖိုးရှိ  ရောဂါကြိုတင်ကာကွယ် သုံးပစ္စည်းများဖြစ်သည့် ရောဂါကြိုတင်ကာကွယ်သုံးဝတ်စုံများ၊ ဆေးဖျန်းပုံးနှင့်ဆေးရည်များ ခေါင်းစွပ်များ၊ လက်သန့်ဆေးရည်များနှင့် အလှူငွေကျပ်ငါးသိန်းတို့ကို မြို့နယ်အတွင်း ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် တက်သစ်တိုက်နယ်ဆေးရုံနှင့် အ.ထ.က (ထန်းတပင်)၊ အ.ထ.က(ခွဲ) အုတ်ဖို၊ အ.ထ.က(ခွဲ) အတွင်းရေကျော်နှင့် အ.လ.က(ခွဲ) ရွာသစ်အခြေခံပညာကျောင်းစင်တာလေးခုတို့မှ တာဝန်ရှိသူများထံသို့ ပြန်လည်၍ ခွဲဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အခြေခံပညာကျောင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာလေးခု၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့်တက်သစ် တိုက်နယ် ဆေးရုံတို့တွင် အသွားအလာ ကန့်သတ်ထားရှိကာ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြို့နယ် တာဝန်ရှိသူများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)