မိုင်းကိုင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရပ်ကွက်‌နှင့်ကျေးရွာနေ မိဘပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးကြစေရန်ရည်ရွယ်၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်  ဆန့်ကာရပ်ရှိ အိမ်ထောင်စုပေါင်း (၆၀) အိမ်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းစံထွန်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ  ပူးပေါင်းကာ လူနေအိမ်အဆောက်အဦးများ၊ မီးဖိုချောင်များတွင် မီးသုံးစွဲ​မှုနှင့်မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့်  မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ဆောင်ရွက်ထားရှိမှုများ   ရှိ/မရှိ၊ လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်သုံးပစ္စည်းအသုံးအဆောင်များ ကြံ့ခိုင်မှုအခြေအနေများကို လိုက်လံစစ်ဆေးကြည့်ရှုပြီး မီးဘေးအန္တရာယ်ကြုံတွေ့ရပါက ဆောင်ရွက်ရန်နှင့် ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးမှုများဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍  မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ နေ့စဉ်တစ်အိမ်တက်ဆင်း  ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)