မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မက်မန်း ဖေ‌ဖော်ဝါရီ  ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၉၅၇ ဒသမ၂၁၉ သန်း အကုန်အကျခံကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားလမ်းအသစ် ၄/၀ မိုင်၊ ကျောက်လမ်းပြင်/ထိန်း ၂/၄ မိုင်၊ ကွန်ကရစ်လမ်း ၁/၀ မိုင်၊ ဘေးလီတံတား ၁ စင်းနှင့် Box Culvert  ၁၂ စင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရန်  ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒေသကြီးကြပ်ရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများ ဖေဖော်ဝါရီ ၆ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မက်မန်းမြို့နယ်အတွင်း ကျေးရွာ ၄၅ ရွာ၊ လူဦးရေ ၈၉၁၈ ဦး တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)