မံစီ ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ နမ့်မဖွဲကျေးရွာ (အ.မ.က)ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်မဖွဲကျေးရွာ (အ.မ.က)ကျောင်းအုပ်ဆရာကြီး ဦးစိုးရာဇာက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံနှင့် ပြည်ထောင်စု အဓိပ္ပာယ်အကြောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး အောင်တိုးလေးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူ (၁၄၅)ဦးခန့်က စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။