နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၇

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီး တပေါင်းကွင်းအတွင်းရှိ ကွပ်ကဲရေးရုံး၌ ကျင်းပရာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

ဦးစွာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် အခြားသောထုတ်ကုန်အမျိုးမျိုးကို ပူးပေါင်းပါဝင်ခင်းကျင်းပြသရမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ထုတ်ကုန်များ၊ အစားအစာများ ပြည်သူများသို့ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန်များအား စုံလင်စွာခင်းကျင်းပြသ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အရည်အသွေးမြင့်ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး၊ ဒေသတွင်း ရိုးရာအစားအစာများ  ခင်းကျင်းပြသနိုင်ရေးနှင့် စက်မှုထုတ်ကုန်ပစ္စည်းများ ခင်ကျင်းပြသနိုင်ရေး ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချမှုကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အများပြည်သူများ လုံခြုံအေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လျှပ်စစ်မီးများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးက ကျရာအခန်းကဏ္ဍမှ လစ်ဟာမှုမရှိစေရေး အစွမ်းကုန်ကြိုးပမ်း အားထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် MSME ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး MSME ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး ဆပ်ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များက ဖွင့်ပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ပြခန်းများတည်ဆောက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ စီစဉ်ဆောင်ရွက်ရေး၊ လုံခြုံရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် မှတ်တမ်းပြုစုရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)