နေပြည်တော် ဖေဖော်ဝါရီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများနှင့် နိုင်ငံတော်ကကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ စာမတတ်သူများကို ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက်” ဆောင်ရွက်သည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်ပညာရေးမှူး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ၏ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များ၊ မြို့နယ်(၈)မြို့နယ်မှ စာတတ်မြောက်ရေးသင်ကြားခဲ့သည့် စာသင်သားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပြည်ထောင်စုနယ်မြေ(၈)မြို့နယ်ရှိ ဦးတည်အုပ်စုဖြစ်သည့် အသက်(၁၅)နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ်များကို စာရင်းကောက်ယူ၍ စာသင်သား (၅၄၂)ဦးကို စာသင်ဝိုင်း(၄၆)ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်(၁၀၇)ဦးတို့က တစ်ရက်ပျှမ်းမျှ (၃)နာရီနှုန်းဖြင့် အနည်းဆုံးနာရီ(၁၂၀)၊ ရက်အားဖြင့်(၄၀) အခြေခံမြန်မာစာ၊ အခြေခံသင်္ချာဘာသာရပ်များနှင့် လူမှုဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်းများကို သင်ကြားပေးခဲ့ခြင်းအတွက် နည်းပြ၊ ကြီးကြပ်များအား ဂုဏ်ပြုခြင်းနှင့် စာသင်သားပြည်သူများအား သင်ယူပြီးမြောက်လက်မှတ်များ ထုတ်ပေးခြင်းဖြင့် ဆောင်ရွက်သည့် ဂုဏ်ပြုပွဲဖြစ်ကြောင်း၊ သင်ကြားပေးခဲ့ကြသည့် နည်းပြများ၊ စာသင်သားပြည်သူများ၊ ပံ့ပိုးပေးခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ အပါအဝင် ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်အလှူရှင်များကို နေပြည်တော်ကောင်စီအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်း သင်ပြီးသူများကို စာမမေ့အောင် ရုံးပိတ်ရက်များတွင် အချိန်တစ်ခုသတ်မှတ်ပြီး သင်ကြားပေးသွားရန်နှင့် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် နေပြည်တော်ကောင်စီက ကြီးကြပ်ပြီး စာသင်သားများအား သင်ပြီးစာများ မေ့မသွားရေး၊ အသက်မွေးရပ်တည်မှုများနှင့် ဘဝသာယာရေးအစီအစဉ်များကို ချိတ်ဆက်ပေးမည့် စဉ်ဆက်ပညာရေးလုပ်ငန်း သင်ကြားခြင်းကို ဆောင်ရွက်သွားရန်လိုကြောင်း၊ လူတိုင်းအတွက် ပညာရေး၏ စာတတ်မြောက်ရေးလုပ်ငန်းနှင့် နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်ရေးသည် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဧပြီလအတွင်း ဆောင်ရွက်မည့် စာတတ်မြောက်ရေးလုပ်ငန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်သွားနိုင်ရန် စာတတ်မြောက်ရေးလုပ်ငန်းဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ယခုလကုန်ပိုင်းမှစ၍ စာသင်သားစာရင်းများကောက်ယူရေး၊ စာသင်ဝိုင်းများစုဖွဲ့ရေးနှင့် နည်းပြများနှင့် ကြီးကြပ်များကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များနှင့် ဌာနဆိုင်ရာများ၏ စေတနာလုပ်အားကိုရယူ၍ တစ်နိုင်ငံလုံးအနေဖြင့် ဆောင်ရွက်မည့် လူထုလှုပ်ရှားမှု စာတတ်မြောက်ရေးလုပ်ငန်းတွင် ယခုထက်ပိုမိုလုပ်ဆောင်ပေးဖို့ ပြောကြားလိုကြောင်း၊ ကျေးလက်နေ ပြည်သူများဖြင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ လုပ်ငန်းကဏ္ဍများတွင် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုများဖြင့် ကျောင်းပြင်ပပညာရေးကို ဦးတည်အုပ်စုအနေဖြင့် အသက်(၁၅)နှစ်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ်များကို သင်ကြားပေးသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ နောက်ဆက်တွဲလုပ်ငန်းဖြစ်သော စဉ်ဆက်ပညာရေးလုပ်ငန်း၊ အသက်အုပ်စုအားဖြင့်(၁၀)နှစ်နှင့် အထက်ရှိသူ ကျောင်းပြင်ပရောက်နေသည့် ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော ကျောင်းပြင်ပမူလတန်းနှင့် ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်သင်ကြားခြင်းများကို နေပြည်တော်ကောင်စီအနေဖြင့် နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာတတ်မြောက်ရေးသင်ကြားပေးခဲ့သည့် မြို့နယ်များမှ စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက နေပြည်တော်ကောင်စီ၊ နေပြည်တော်ပညာရေးမှူးရုံးနှင့် မြို့နယ်(၈)မြို့နယ် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် မြို့နယ်များမှ စာသင်သားကိုယ်စားလှယ်များအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။
ထို့နောက် ကျောင်းသင်ပညာရေး တက်ရောက်ခဲ့ဖူးခြင်းမရှိသည့်၊ ကျောင်းမနေခဲ့ရသည့် လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာအုပ်စု သာယာကုန်းစာသင်ဝိုင်းမှ အသက်(၈၀)အရွယ် စာသင်သား အဘွားဒေါ်ဖွားစိန်က စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခဲ့ခြင်းအတွက် ဝမ်းမြောက်စကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် မြို့နယ်(၈)မြို့နယ်မှ စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သာဝတ္ထိ၊ ကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိပြီး သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး အဘိုးဘွားများအား အာဟာရဖြည့်အစားအစာများ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ ၂၆ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်မှုတွင် ပါဝင်သည့် တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကျောင်းကုန်းနဂါးရုံကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခဉာဏအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းအတွင်းရှိ ပျူခေတ်လက်ရာ ရှေးဟောင်းစေတီသုံးဆူအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)