ဟိုမိန်း ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ရှိ ဒေသခံပြည်သူများသည် အဓိကစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အမှတ်(၃)ရပ်ကွက်(ပန်သပြေ)တွင် စိုက်ပျိုးထားသော ယိုးဒယားပျားလိမ္မော်သီးများ အောင်မြင်ဖြစ်ထွန်း၍ ဆွတ်ခူးရောင်းချချိန်တွင် တစ်ကီလို ထိုင်းဘတ် ၅၀၊ ၆၀ ရရှိသောကြောင့် ဝင်ငွေတွက်ခြေကိုက်ပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဟိုမိန်းမြို့တွင် ယိုးဒယားပျားလိမ္မော်သီးကို အပင်ပေါင်း(၁၅၀)ဖြင့် ၂၀၁၆ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး အပင်ငယ်ချိန်တွင် ကိုင်းဆက်ခြင်း၊ ပိုးမကျရောက်အောင် ဆေးဖြန်းခြင်း၊ အပင်ကြီးထွား၍ အသီးအထွက်နှုန်းတိုးစေရန် သဘာဝမြေဩဇာအပြင် (၁၅း၁၅) တံဆိပ်မြေဩဇာကို တစ်နှစ်သုံးခါထည့်ခြင်း၊ နှစ်ရက်သုံးရက်တစ်ခါ ရေလောင်းပေးခြင်း၊ ပင်ခြေရှိ မြက်ပင်များ ရှင်းလင်းပေးခြင်းတို့ ပြုလုပ်ပေးရပါသည်။
ယိုးဒယားပျားလိမ္မော်သီးသည် ဧပြီလနှင့်မေလတွင် တစ်ကြိမ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် အသီးသီးကြောင်း၊ လိမ္မော်သီးသီးချိန်တွင် လိမ္မော်သီးရောင်းချသူများအား ဖောက်သည်ပေးခြင်း၊ ဒေသခံများက စိုက်ခင်းထိလာရောက် ဝယ်ယူခြင်းကြောင့် ခရီးစရိတ်သက်သာခြင်း၊ တစ်နှစ်သီးတိုင်း ဝင်ငွေထိုင်းဘတ် (၅၀၀၀၀) ရရှိခြင်းကြောင့် တွက်ခြေကိုက်လျက်ရှိပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း တခြားမြို့များသို့ တင်ပို့ရောင်းချနိုင်ရေး ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူဦးလုံးဟောဝ်ထံမှ သိရသည်။
ထက်ထက်(ဟိုမိန်း)