ကျိုင်းတုံ ဖေဖော်ဝါရီ ၇
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင့်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် မီးဘေးအန္တရာယ်များ မဖြစ်ပွား မပေါ်ပေါက်စေရေး၊ ပြည်သူများ ပေါ့ဆစွာသုံးစွဲခြင်းမှ ရှောင်ကြဉ်ရန်နှင့် မီးစနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများ ထားရှိစေရန်၊ အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့နိုင်ရေးနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သိရှိစေရန် ရပ်ကွက်၊ ကျေးရွာများအတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် မီးဖိုအသုံးပြုသည့် နေအိမ်များ၊ အခြားမီးသုံးစွဲသည့် နေအိမ်များ မီးများစနစ်တကျသုံးစွဲမှု ရှိ/မရှိ စစ်ဆေး၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)