ပင်းတယ၌ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်းအထိမ်းအမှတ် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်စုကျေးရွာအုပ်စု၊ ကိုးလုံးကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (အတိုးရငွေ)ဖြင့် ဆောင်ရွက်သည့် ကျေးရွာအတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ကျေးရွာလူထုကိုဗဟိုပြုပြီး ကျေးရွာရဲ့ပကတိအမှန်လိုအပ်ချက်တွေကို ကျေးရွာနေပြည်သူများက ပူးပေါင်းဖော်ထုတ်ကြပြီး ဆောင်ရွက်တဲ့ ကျေးရွာတွင်းကွန်ကရစ်လမ်းဖြစ်တာမလို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာအဆင့်ကော်မတီဝင်များနှင့် ကျေးရွာအဆင့်မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များကလည်း မိမိတို့ကျေးရွာအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် ရရှိလာတဲ့ဖွံ့ဖြိုးရေးအသီးအပွင့်များကို မျက်ဝါးထင်ထင်တွေ့မြင်ကြရပြီးဖြစ်ပါကြောင်း၊ ကျေးရွာသူ/ကျေးရွာသားတွေအနေဖြင့်လည်း ပူးပေါင်းခြင်း၏အင်အား စည်လုံးခြင်း၏အင်အား၊ ကျေးရွာရဲ့စိတ်ဓာတ်တွေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အင်အားကြီးမားကြောင်း၊ ကျေးရွာမှပူးပေါင်းဆောင်ရွက်တဲ့ ကွန်ကရစ်လမ်းသစ်ကြီးက သာဓကဖြစ်တာမလို့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားကြပါရန်” တိုက်တွန်းပြောကြားသည်။

ထို့နောက် ပင်းတယမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာမှူးက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာလုပ်ငန်းကော်မတီတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (အတိုးရငွေ)ဖြင့်ဆောင်ရွက်သည့် ကျေးရွာအတွင်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)မှ စီမံကိန်းထောက်ပံ့ငွေ (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၉ ဒသမ ၆၀) သန်းဖြင့် ကွန်ကရစ်လမ်းအရှည် (၁၀၀၀)ပေ၊ အကျယ် (၁၄)ပေ၊ အမြင့် (၆)လက်မအား ခင်းကျင်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် (၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေ (၇ ဒသမ ၂၃) သန်းဖြင့် လမ်းအရှည် (၇၀၀)ပေ၊ အကျယ် (၁၄)ပေ၊ အမြင့် (၆)လက်မအား ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ခင်းကျင်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၃၁ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ရာ အဆိုပါကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၀၃)စု၊ လူဦးရေ (၃၀၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပင်းတယ)