ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး သန်လျင်မြို့ အောင်နီလာလမ်း ဖောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေး

သန်လျင် အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီခွဲက သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အောင်နီလာလမ်း ဖောက်လုပ်မည့် မြေပြင် အနေအထားအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောင်မင်္ဂလာရပ်ကွက်ရှိ အောင်နီလာလမ်းအား စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်း ယာဉ်များနှင့် အရေးပေါ် မီးသတ်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် ပြည်သူများသွားလာမှု အစဉ်ပြေချောမွေစေရေး အတွက် သတ်မှတ်အကျယ်အဝန်းအတွင်း လမ်းဖောက်လုပ်ပေးရန်အတွက် မြေပြင်အနေအထားအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အောင်နီလာ လမ်းအား မော်တော်ယာဉ်နှင့် ပြည်သူများ သွားလာမှု အဆင်ပြေစေရေး အတွက် ကွန်ကရစ်လမ်းခင်းပေးနိုင်ရေး တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မင်္ဂလာရပ်ကွက်၊ အောင်နီလာလမ်းသည် ယခင်က လမ်းအကျယ် ပေ ၂၀ လမ်းဖြစ်ပြီး ယခုလမ်းမှာ တစ်ဖက်ပိတ်ဖြစ်နေသည့်အတွက် အရေးပေါ်ယာဉ်များနဲ့ ပြည်သူများသွားလာမှု အဆင်ပြေစေရေး ယခင်အောင်နီလာလမ်းမှ အောင်မြင့်မိုလ်လမ်းသို့ သွားလာမှုရအောင် သက်ဆိုင်ရာကို တင်ပြဆောင်ရွက်ခဲ့ကြောင်း ယခုတစ်ဖက်ပိတ် အောင်နီလာလမ်းကို ပြန်ဖွင့်ပြီး အောင်မြင့်မိုလ်လမ်းမကို ထွက်လို့ရအောင် ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းပေးတော့မှာမို့ ဒေသခံပြည်သူများ ဝမ်းသာနေကြကြောင်း သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့် ထံမှသိရသည်။

သက်ခိုင် (သန်လျင်)