မိုးနဲ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြက်ခင်းကွင်းပြင်နေရာ၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က (၇၇)နှစ်မြောက် ရှမ်းပြည်နယ်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်းနှင့် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုပွယ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်းကို ရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါ်နန်းရွှေရင်က ရှမ်းဘာသာဖြင့် ဖတ်ကြားပေးခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်သော အလယ်တန်းအဆင့် အင်္ဂလိပ်စာပြိုင်ပွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆုရရှိကြသူများအား ဆုများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ကြွရောက်လာသောဧည့်ပရိတ်သတ်များအား ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေနှင့် ဇနီးဒေါ်ဆွေဇင်ငြိမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဇနီးဒေါ်သွယ်သွယ်ဇင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများ၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/သူလေးများ စုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)