တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တာလေ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မြို့ပေါ်ရပ်ကွက်များနေ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၅ ရက်က တာလေတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဉီးစွာ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဝိုးတစ်က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများအား ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောသည်။ ယင်းနောက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကာကွယ်ဆေး လာရောက်ထိုးနှံသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ၏ သက်ဆိုင်ရာ ဆေးထိုးကတ်ပြား၌ စနစ်တကျ စာရင်းရေးသွင်းကာ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။  

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်၏ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား  ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီပီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဉီးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဉီးနှောက်ရောင်၊  ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးတို့ ပါဝင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)