လှည်းကူးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးနက်ကုန်း(ကျောင်းစု)ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်

လှည်းကူး ဖေဖော်ဝါရီ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးနက်ကုန်း(ကျောင်းစု)ကုန်ထုတ်လမ်းလမ်းသစ်ဖွင့်ပွဲအား ယနေ့ နံနက် ၁၁ နာရီက ဝါးနက်ကုန်းကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာရှိ အဆိုပါလမ်း မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝါးနက်ကုန်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးကလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ကုန်ထုတ်လမ်းသစ်အား အင်းတိုင်တပ်နယ်၊ တပ်နယ်မှူး၊  ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကုန်ထုတ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အင်းတိုင်တပ်နယ်မှူးနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဝါးနက်ကုန်း(ကျောင်းစု)ကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၁)မိုင် (၀.၂)ဖာလုံ၊ လမ်းအကျယ် (၁၂)ပေနှင့် ထု (၉)လက်မရှိပြီး အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်ပေးခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရန်အတွက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)