ဝိုင်းမော် ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခတ်ချို)၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် အောင်ချက်မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေခတ်ချိုခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခေါန်ဂျာက အဖွင့်အမှာစကားပြောကြားပြီး ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခိုင်သက်မွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနေထိုင်ပါက ပြည်ပမှကျူးကျော်ဝင်ရောက်မှုရန် ကင်းဝေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးတို့အား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရစာရေးဆရာအကြီးကိုကို(ကသာ)က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအသိပညာပေးဟောပြောပြီး ကျောင်းစာကြည့်တိုက်အတွက် စာရေးဆရာအကြီးကိုကို(ကသာ)က သုတ/ ရသစာအုပ်များ လှူဒါန်းခဲ့သည်။
အလားတူ မွန်းလွဲပိုင်းက ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင်လည်း အသိပညာပေးဟောပြောပွဲ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဖြူစင်(ပြန်/ဆက်)