ကျောက်ဖြူမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဖြူ ဖေဖော်ဝါရီ ၆

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ ဖူဆယ်အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ကျောက်ဖြူမြို့၊ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ကျင်းပလျက်ရှိရာ အသက် (၁၃) နှစ်အောက် ဖူဆယ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၄) သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီး ၎င်းအသင်းများအား အုပ်စု(၄)အုပ်စုခွဲ၍ ပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ ယင်းအပြင် အဆိုပါဘောလုံးပြိုင်ပွဲအား မွန်းလွဲ (၂) နာရီအချိန်မှစ၍ တစ်နေ့လျှင် ပွဲစဉ် (၆) ပွဲစီဖြင့် ပြိုင်ပွဲဝင်အသင်းများမှ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး အားကစားဝါသနာရှင် ဘောလုံးပရိတ်သတ်များနှင့် အသင်းနည်းပြအုပ်ချုပ်သူများက တခဲနက်အားပေးလျက်ရှိသည်။

ကျောက်ဖြူခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁၃)နှစ်အောက်ပွဲများဖြစ်သည့် ဖူဆယ် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ ဂိုးငယ် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ၊ အသက်(၂၀)နှစ်အောက် ဘော်လီဘော အမျိုးသား/အမျိုးသမီးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီ (၁၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း