ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ

နောင်ချို      အောက်တိုဘာ     ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိကာ နောင်ချို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက မြို့နယ်အတွင်းရှိ မဲဆန္ဒ နယ်မြေများ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ စာရင်း၊ ကြိုတင်မဲပေးမှု အခြေအနေ၊ မဲရုံလုံခြုံရေး၊ လမ်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ မဲရုံသုံးပစ္စည်းများ ထုတ်ပေးခဲ့မှု အခြေ အနေတို့ကို တင်ပြခဲ့သည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ချင်းက ယာယီမဲရုံ ဆောင်ရွက် ထားမှု၊   မဲဆန္ဒရှင် စာရင်းနှင့် မဲရုံများသို့  ကွင်းဆင်းစစ်ဆေးမည့်  အစီအစဉ်များအား  တင်ပြခဲ့သည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက ပြန်လည် မေးမြန်းမှု အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ဖြည့်စွက် ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို ပြန်/ဆက်)