နမ့်စန်မြို့နယ်တွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၄၄ ဦး ကိုကြိုဆို၍ ထမင်းဘူးနှင့် သောက်ရေသန့်ဘူးများ ပေးအပ်လှူဒါန်း

နမ့်စန်(တ) အောက်တိုဘာ ၃၁

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြပြီးအကြောင်း အမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင်  ရောက်ရှိခဲ့ကြ ကြောင်း သိရသည်။

မော်တော်ယာဉ် ၄ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၄၀) ဦး ၊ မ (၄) ဦး စုစုပေါင်း( ၄၄) ဦးကို မြို့နယ်မှတာဝန်ရှိသူများက  အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေး ဂိတ်တွင်ကြိုဆိုခဲ့ပြီး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင် နှင့် အလှူရှင်များက စုပေါင်း လှူဒါန်းသော ထမင်းဘူး၊ သောက်ရေသန့်ဘူး၊ အချိုရည်ဘူး ၊ ဘီစကစ်မုန့်ထုပ်များနှင့် နှာခေါင်းစည်း Mask များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက အဆိုပါခရီးသည်များထဲမှ မောက်မယ်မြို့သို့ ဆက်သွားမည့် ခရီးသည်  ၁ ဦး ကိုသက်ဆိုင်ရာ မြို့နယ်နှင့်ချိတ်ဆက်၍ ပို့ဆောင်ပေးခြင်း ၊ နမ့်စန်မြို့တွင် ဆင်းသည့် ခရီးသည် ၁ ဦးကို Home Quarantine နေထိုင်စေခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး  ကျန် ခရီးသည်များမှာ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)