စဉ့်ကိုင် အောက်တိုဘာ ၃၁
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီး အဘိုးအဘွားများ နှင့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာ(၅)ရက်နေ့ ထိနေ့စဉ် နံနက်(၆) နာရီမှညနေ(၄)နာရီထိ ကြိုတင် ဆန္ဒမဲများ လာရောက်ပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ သက်ကြီးဘိုးဘွားများနှင့်နိုင်ငံ့ဝန်ထမ်းများကို ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ လက်ဆေးခြင်း နှာခေါင်းစည်း များကိုစနစ်တကျ တပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှနေစေပြီး စနစ်တကျ ကြိုတင်မဲများပေးလျက် ရှိပြီး ကျန်းမာရေးမကောင်း၍ ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်လာရောက် မဲမပေးနိုင်သော အသက်(၆၀)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုဝင်ဘာလ (၆)ရက်နေ့ နှင့်(၇)ရက်နေ့များတွင်အိမ် တိုင်ရာရောက် မဲများပေးနိုင်ရေး ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၅၃)အုပ်စုတွင်မဲရုံပေါင်း(၁၄၂)ရုံ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင်ရှိသူ (၁၁၈၄၁၈)ဦးရှိရာ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်(၁၁၆)ဦး ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် အသက် (၆၀)နှစ် အထက်ရှိသူ(၁၈၂၄၇)ဦးရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝင် များကလည်း အဖွဲ့(၆)ဖွဲ့ခွဲ၍ ကြိုတင် ဆန္ဒမဲပေး လျက်ရှိသော ပြည်သူများ စိတ်အေးချမ်းသာစွာစနစ်တကျ မဲပေးနိုင်ရေးနှင့် မဲရုံတာဝန် ထမ်းဆောင် နေသူများကိုလည်း မဲရုံအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဆန်းဦး၏ ပြောကြားချက်အရ သိရသည်။
အောင်ပိုင်ပိုင်ကျော်(ပြန်/ဆက်)