ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်း ပြုလုပ်

ပေါင် ဖေဖော်ဝါရီ  ၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများအား ထပ်ဆင့်ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က  မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စာစစ်ဌာနတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးတို့က လိုအပ်သည့်အခက်အခဲများကို အတူတကွ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပါရန် လိုအပ်ပါကြောင်း၊ တစ်ခြားလိုအပ်သည့် အခက်အခဲများကို မိမိအနေဖြင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးနှင့် ပေါင်မြို့မစခန်း ဒုတိယမြို့နယ်မှူး ဒုရဲမှူးအောင်လွင်တို့က မြို့နယ်အတွင်းရှိ အခက်အခဲရှိသည့် ကျောင်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများက မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)