မိုင်းဆတ်မြို့၌ နိုင်ငံရေးပါတီများနှင့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ်    အောက်တိုဘာ  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်စား ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေက မဲဆွယ်စည်းရုံးရေးနှင့် နိုင်ငံရေးပါတီဝန်းရံသူ များအနေဖြင့်  သတ်မှတ်လူဦးရေ ထက်ကျော်လွန် ဆောင်ရွက်မှုမရှိစေရေးကိုလည်းကောင်း၊ ခရိုင်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုက အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ အထူး ရဲများနှင့် မဲရုံတာဝန်သွားရောက် ထမ်းဆောင်ရမည့်ဝ န်ထမ်းများ ကြိုတင်ဆန္ဒမဲပေးနေမှု၊ မဲရုံနှင့် မဲရုံဝန်ထမ်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ မဲရုံဝန်ထမ်းနှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ်ရေးအတွက် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ နိုင်ငံရေးပါတီ ဝန်းရံသူများသို့ အသိပေးကြေညာ ချက်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန် ကြေညာချက်နှင့် ရွေးကောက်ပွဲနေ့ ဝတ်စားဆင်ယဉ်မှုဆိုင်ရာ အသိပေးချက်တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူတို့က မဲရုံလုံခြုံရေး၊ လွတ်လပ်စွာသွားလာမဲဆွယ်စည်းရုံးနိုင်ရေး၊ ကြိုတင်ဆန္ဒမဲပေးရာသို့ မသက်ဆိုင်သူများ ဝင်ထွက်သွား လာမှုမရှိစေရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပယ်မဲ မဖြစ်ပေါ်စေရေးနှင့် မဲရုံကိုယ်စားလှယ်ခန့်ရေးကိစ္စတို့နှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ အတွင်းရေးမှူး ဦးမောင်ချိုနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

သန်းဇော်(မိုင်းဆတ်)