မတ္တရာမြို့နယ်၌ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်

မတ္တရာ အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစားအစာ ဘေးကင်းလုံခြုံရေး စီမံကိန်း( Food Safety Project)မှ  သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရေနံ့သာ စိုက်ပျိုးနည်းပညာပေး စင်တာတွင် ဖွင့်လှစ် ပို့ချပေးခဲ့သည်။

အဆိုပါ နည်းပညာပေးသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ အစားအစာ ဘေးကင်း လုံခြုံရေး စီမံကိန်း( Food Safety Project) ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ လက်ထောက်ဦးစီးမှူးဒေါ်အိဖြိုးဆန်းမှ သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေး များဖြစ်သည့် အီးအမ်-ဖိုက်နှင့် ငါးအမိုင်နိုအက်ဆစ် ဖော်စပ်နည်းများကို လက်တွေ့ပြသခြင်းနှင့် သုံးစွဲနည်းများကို ရှင်းလင်းပြောခဲ့သည်။ ထို့နောက် တက်ရောက် လာသည့် တောင်သူများအား ဖော်စပ်နည်းများကို လက်တွေ့ပြုလုပ်စေခဲ့ကာ ဖော်စပ်ခဲ့သည့် ဆေးဘူးများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြသည်။

အဆိုပါ နည်းပညာပေးသင်တန်းသို့ စိုက်ပျိုးရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အစားအစာ ဘေးကင်း လုံခြုံရေး စီမံကိန်း( Food Safety Project)အဖွဲ့ဝင် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)