သာကေတမြို့နယ် ၁၀၈ တောင် စေတီတော်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

သာကေတ ဖေဖော်ဝါရီ ၅

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော် ဂေါပကအဖွဲ့မှကြီးမှူး၍ ၅၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော် ပုဖ္ဖာရုံတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို နမောဿတသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ် ၃၈ ပါးတို့က မေတ္တာသုတ်ရွတ်ဖတ် သရဇ္ဇျာယ်သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်ူခဲ့ကြပြီး တိပိဋကာလက်ာရကျောင်းဆရာတော် အရှင်ဝိသုတက အနုမောဒနာဂါထာ ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  ဒေါက်တာအဂ္ဂသာမိမှ ရေစက်ချ အနုမောဒနာတရားချီးမြှင့်ပြီး ဆုထူးပန်ဗုဒ္ဓဝိဇ္ဇာစာသင်တိုက် အရှင်ဝါသဝက နတ်ဗြဟ္မာများကို ပြန်လည်ပို့ဂါထာရွတ်ဖတ်ကာ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဗုဒ္ဓသာသနာစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့သည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)