နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို “ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့်ဆန်းစစ်ပုံ

နေပြည်တော် ဖေဖော်ဝါရီ ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းအချိန်က ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာက ကျင်းပပြုလုပ်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို “ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (Framework Convention on Tobacco Control-FCTC) ကို ၂၀၀၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၀၆ ခုနှစ်မှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကိုပြဋ္ဌာန်း၍ ဥပဒေပါရည်ရွယ်ချက်တစ်ခုဖြစ်သော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း၊ အများပြည်သူတို့ နားလည်သဘောပေါက်ပြီး သုံးစွဲမှုမှရှောင်ကြဉ်စေရန်အတွက် လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ကြောင်း၊ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်း Standardized Packaging အတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ဥပဒေ၊ အမိန့်များ ထုတ်ပြန်ဆောင်ရွက်နေပြီး အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် တတိယမြောက်အမိန့်စာ ထုတ်ပြန်ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊ အမိန့်စာပါပြဌာန်းချက်များကို အမိန့်စာစတင်အာဏာသက်ဝင်မယ့် အချိန်အခါမှာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများပြုစုပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများအနေဖြင့် အမိန့်စာပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံကို သေချာစွာ သိရှိနားလည်ထားရန် လိုအပ်ပြီး နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအတွက် လိုအပ်သည့်အထောက်အပံ့နှင့် အကြံဉာဏ်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲမှုလျော့ကျစေရန်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှုကြောင့် ကျန်းမာရေးထိခိုက်စေကြောင်း အများပြည်သူသိရှိနားလည်သဘောပေါက်စေရန်အတွက် Standardized Packaging သည် အမှန်တကယ် ထိရောက်သော နည်းလမ်းဖြစ်သည့်အတွက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူနှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန်” ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်(ရောဂါနှိမ်နင်းရေး ) ဒေါက်တာ ကျော်ကံကောင်းက  မြန်မာနိုင်ငံ၏ မကူးစက်နိုင်‌သောရောဂါများ ဖြစ်ပွားသေဆုံးမှု အခြေအနေနှင့် Tobacco Legislation နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် Standardized Packaging အမိန့်ပြဌာန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)