ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်ကြီးနှစ်ဆူအား ဆက်လက်ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူရှိပြီး အနောက်ဘက်မုခ်ရှိ ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော်နှင့် အရှေ့ဘက်မုခ်ရှိ ဂေါဏဂုဏ်မြတ်စွာဘုရားတို့အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပြီးဖြစ်ရာ မြောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ရှိ ရုပ်တော်မူဆင်းတုတော်နှစ်ဆူ ရွှေသင်္ကန်းဆက်လက်ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ရုံးခန်းတွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အာနန္ဒာဂူဘုရားကြီးကို ကျန်စစ်မင်းတရားကြီးသည် သက္ကရာဇ် ၄၅၂ ခုနှစ်၊ (အေဒီ ၁၀၉၁)တွင် တည်ထားပူဇော်ခဲ့ပြီး ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အား ရည်မှန်းကာ အနောက်ဘက်မုခ်တွင် ဂေါတဘုရားမြတ်စွာဘုရား၊ မြောက်ဘက်မုခ်တွင် ကကုသန်မြတ်စွာဘုရား၊ အရှေ့ဘက်မုခ်တွင် ဂေါဏဂုဏ်မြတ်စွာဘုရား၊ တောင်ဘက်မုခ်တွင် ကဿပမြတ်စွာဘုရားတို့အား ဉာဏ်တော် ၃၁ ပေရှိ မတ်ရပ်ရုပ်ပွားတော်များ ပူဇော်ထားရှိခဲ့ပြီး အာနန္ဒာဘုရားကြီးကို အတွင်းစင်္ကြန်နှစ်ထပ်၊ အာရုံခံလေးဘက်၊ စေတီတော်ဉာဏ်တော်အမြင့် ၁၆၈ ပေရှိပြီး အောက်ခြေခုံတော်အလျား ၂၉၅ ပေရှိကာ၊ အနုပညာလက်ရာပေါင်းများစွာ ပါရှိတည်ထားခဲ့ကြောင်း  ရွှေသင်္ကန်းကပ်လှူရန်ကျန်ရှိသည့် မြောက်ဘက်မုခ်ရှိ  ကကုသန်မြတ်စွာဘုရားနှင့် တောင်ဘက်မုခ်ရှိ ကဿပမြတ်စွာဘုရားတို့ကို ရွှေသင်္ကန်းဆက်လက်ကပ်လှူနိုင်ရန် ငြမ်းဆင်ခြင်းလုပ်ငန်းနှင့် ရွှေမိုက်ထုတ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ကျန်ရှိ မတ်ရပ်ရုပ်ပွားတော်နှစ်ဆူ ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ဝင်များတက်ရောက်ကြပြီး မြန်မာပြည်အရပ်ရပ်မှ ရုပ်ပွားတော်မြတ်ကြီးများ ရွှေသင်္ကန်းကပ်လှူလိုပါက အာနန္ဒာဘုရားကြီးဂေါပကအဖွဲ့သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း