စဉ့်ကူး ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝရသာမိထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇာယ် ချီးမြှင့်တော်မူခဲ့သည်။ ဥပ္ပါတသန္တိကျမ်းမြတ်အား စဉ့်ကူးမြို့၏ တေဇအရပ်၊ သီရိအရပ်နှင့် အာယုအရပ်တို့တွင် (၂၇) ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ပြီးဖြစ်၍ စဉ့်ကူးမြို့ အောင်သုခကျောင်းတိုက်ဆရာတော် ဦဇဝနက အနုမောဒနာဂါထာဖြင့် အနုမောဒနာ ပြုပေးခဲ့သည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ရေစက်ချအနုမောဒနာတရားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်ပင့်သံဃာ(၂၆)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကုသိုလ်ရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)