မချမ်းဘော ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ဟောပြောပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး “ပြည်ထောင်စုစိတ်ဓာတ်” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း Grade-5 ကျောင်းသား၊ ကျောင်းသူ ၁၅ဦးတို့က “တွဲလက်ခိုင်ကျည်ပြည်ထောင်စုဆီ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကလေးစာဖတ်ခန်း၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပရာ Grade-4 ကျောင်းသား၊ ကျောင်းသူ ၂၀ဦးတို့က “ပြည်ထောင်စုဖွားညီနောင်များ” ခေါင်းစဥ်ဖြင့်လည်းကောင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၃၅တို့က ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)