(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလားပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန် ဖေဖေါ်ဝါရီ ၅

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလားပြည်နယ်နှင့် တိုင်းဒေသကြီးမြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် (မြင်းစီးအားကစားကွင်း) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် မြင်းစီးအားကစားသမားများ၊ မြင်းပိုင်ရှင်များ၊ မြင်းဝါသနာရှင်များ ဒိုင်လူကြီးများနှင့် ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြသည်။

ဦးစွာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလားပြည်နယ်နှင့် တိုင်းဒေသကြီးမြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်မြင်းစီးအားကစားသမားများက အားကစားသစ္စာအဓိဌာန်သီဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနေ့ဆိုတာ ပြည်ထောင်စုတိုင်းရင်းသားတိုင်းအတွက် မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် အားလျှော်စွာ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၂) ရက်နေ့သို့ ရောက်သည့်အခါတိုင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြင်းစီးအားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်မှာတော့ ယခင်နှစ်များနဲ့မတူဘဲ ပြည်နယ်နှင့်တိုင်းဒေသကြီး (၄) ခုတို့မှ ကိုယ်စားပြုအားကစားသမားများနဲ့ စုစုပေါင်း (၁၈၃) တွဲအထိ ပါဝင်ယှဉ်ပြိုင်ကြမယ်ဆိုတာ အထူးပဲဝမ်းသာအားရဖြစ်မိပါကြောင်း၊ ထိပ်တန်းမြင်းများသိရတဲ့အတွက် ဒီပြိုင်ပွဲမှာ မြန်မာ့ရိုးရာမြင်းစီးအားကစားနည်းအပြင် နိုင်ငံတကာမြင်းစီးအားကစားနည်းများပါ ထည့်သွင်းပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်တဲ့အတွက် မြန်မာ့မြင်းသမိုင်းမှာ သမိုင်းမှတ်တိုင်စိုက်ထူတဲ့

ပြိုင်ပွဲတစ်ပွဲအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါကြောင်း၊ ဒီမြင်းစီးအားကစားပြိုင်ပွဲကြီးကနေ မြန်မာ့မြင်းစီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာပြီး မြန်မာပြည်သူပြည်သားတွေ မြင်းစီးအားကစားကို ပိုစိတ်ပါဝင်စားကာ ချစ်မြတ်နိုးလာအောင် မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်မိသလို အရှေ့တောင်အာရှ၊ အာရှမှသည် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကြီးဆီအထိ တက်လှမ်းနိုင်မယ့် မြင်းစီးအားကစားသမားများ ပေါ်ထွက်လာနိုင်မယ်လို့ မျှော်မှန်းမိပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ဂုဏ်ပြုငွေသိန်း (၂၀၀) ကို ပေးအပ်ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထိုနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဧည့်သည်တော်များက မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ စုပေါင်းသရုပ်ပြစီးနင်းမှု (Parade) ဖြင့်စီးနင်းပြသဧည့်ခံခြင်း၊ အလတ်တန်းဒုန်းပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)