မော်လမြိုင် ဖေဖော်ဝါရီ ၅
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ဌားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက် သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးခဲ့သည်။
ထို့နောက် အဆိုပါ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေကျောင်းသား/သူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုပါကြောင်း၊ နှစ်ပတ်တစ်ခါရောင်းချနိုင်ရေးနှင့် ရေထွက်ပစ္စည်း၊ ငါး၊ ပုဇွန်များပါ ရောင်းချနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
စည်သူ(ပြန်/ဆက်)