မက်မန်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မြို့တည်ခြင်း (၃၅) နှစ်မြောက်အထိမ်းအမှတ် အမျိုးသားဘောလုံးအလွတ်တန်းပြိုင်ပွဲကို မက်မန်းမြို့ မြို့မဘောလုံးကွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မက်မန်းမြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားသမားအချင်းချင်းကောင်းသော ယှဉ်ပြိုင်မှုများဖြင့် ပွဲစဉ်များတစ်လျှောက် ရိုးသားကြိုးစားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြရေး၊ အသင်းသားအချင်းချင်း ရိုင်းပင်း ကူညီစွာအားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရေး” ပြောကြားခဲ့သည်။ ထို့နောက် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အမျိုးသားဘောလုံးအလွတ်တန်းပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှုးကျော် ထွန်းနိုင်တို့က အားကစားပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။ မက်မန်းမြို့မြို့တည်ခြင်း (၃၅) နှစ်မြောက်အထိမ်းအမှတ် အမျိုးသားဘောလုံးအလွတ်တန်းပြိုင်ပွဲတွင် အုပ်စု(က) နှင့်အုပ်စု (ခ) အသင်းခွဲ၍စုစုပေါင်းအသင်း (၁၄) သင်းက ပတ်လည်ကစားသွားမည်ဖြစ်ကြောင်း အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)