ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်ရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား တူညီစပို့ရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

စစ်တွေ ဖေဖော်ဝါရီ ၅

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ်ရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား တူညီစပို့ရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုအတွက်ထာဝစဉ်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက ပြည်နယ်အတွင်းရှိ သင်တန်း ကျောင်းများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ) ကျောင်းအုပ်ကြီး ဦးကျော်သန်းက သင်တန်းကျောင်း ဆိုင်ရာအချက် အလက်များကို တင်ပြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲကြီး စစ်ဆေးခါနီးပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုပြုနေထိုင်သွားကြစေလိုကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့သည် မိမိတို့ နိုင်ငံတွင် နေ့ထူးနေမြတ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့သည် ကျောင်းသား၊ ကျောင်းသူများနှင့် မိမိတို့ အတွက်ပါ များစွာအရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လူတိုင်းတွင်တာဝန်ရှိကြောင်း၊ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာကြမည့်၊ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်နေသည့် ယခု သင်တန်းကျောင်းတွင် စည်းစည်းလုံးလုံးဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နောင်တချိန်တွင် ပြည်နယ်၏ ခေါင်းများ၊ ပြည်နယ်ကို ဦးဆောင်မည့်သူများ ဖြစ်သည့်အတွက် ကျောင်းစာများ ကို လေ့လာဖတ်ကြား နေထိုင်ကြစေလိုကြောင်း၊ ပညာတတ်မှမိမိတို့ ဒေသ၊ မိမိတို့ရပ်ရွာ၊ မိမိတို့ကျောင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာတတ်အောင်သင်ကြားကြရမည် ဖြစ်ပြီး ကိုယ်တိုင်ကျက်မှတ်၊ သင်ယူရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းသည် ကျောင်းသား၊ ကျောင်းသူ များအတွက် ဘဝအစဖြစ်ကြောင်း၊ အခြေခံတကျ၊ စည်းကမ်းတကျဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဆိုလျှင် နောင်တချိန်တွင် မိမိတို့ ဒေသအကျိုး၊ နိုင်ငံ၏အကျိုးကို ထမ်းဆောင်နိုင်သော သားကောင်း၊ သမီးမွန်များ ဖြစ်ကြမည့် ယုံကြည်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ တို့က ကျောင်းသား၊ ကျောင်းသူများအား တူညီစပို့ရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုအား ကြည့်ရှုအားပေးပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)