ကျောက်တံတား အောက်တိုဘာ ၃၁
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးမဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးမှုကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၅)ရပ်ကွက်နှင့်အမှတ်(၉) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင် ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့ နေ့လယ်က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အမှတ်(၅)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိရာ အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၉)ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေ၊ အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များအား ကြိုတင် ဆန္ဒမဲများ အိမ်တိုင်ရာရောက် ကောက်ယူနေမှု အခြေအနေများနှင့် ပတ်သက်၍ အဆင်ပြေမှု ရှိစေရေး၊ မှန်ကန်မှုရှိစေရေးနှင့် ကြိုတင်ဆန္ဒမဲပုံး လုံခြုံမှုရှိစေရေး အတွက် ဂရုစိုက်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်(၆၀)နှစ်နှင့် အထက်ရှိသော သက်ကြီးဘိုးဘွားများအား ကြိုတင်ဆန္ဒမဲပေးခြင်း၊ အိမ်တိုင်ရာ ရောက် ကောက်ယူခြင်းများ ကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်တံတားမြို့နယ် တွင် အသက်(၆၀)နှစ်အထက် သက်ကြီး မဲဆန္ဒရှင် ပေါင်း (၅၀၀၀)ကျော်ရှိကြောင်း သိရသည်။
ရွှေနန်းမေ