ရန်ကင်း ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁၁) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းက ပြည်သူများအား မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေခံအကြောင်အရင်းများ၊ မီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်(၄)ဦးတို့ လိုက်ပါအဖွဲ့များ ပူးပေါင်း၍ အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေသိုလှောင်ထားရှိမှု၊ မီးချိတ်မီးကတ်နှင့် သဲပုံး၊ ရေပုံးများအိမ်တိုင်း ထားရှိရေး၊ ဟောင်နွမ်း လျှပ်စစ်ဝါယာ ကြိုးများ ပြုပြင်လဲလှယ်မှု နေအိမ်များတွင် ချက်ပြုတ်သည့် နေရာများစစ်ဆေး၍ လိုအပ်ချက်များ အကြုံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးဆော်သြခြင်းနှင့် ပြည်သူများပါဝင်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)