မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၅
ယနေ့ခေတ်လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ပထမမင်္ဂလာ ”စာအုပ်သည် သတင်းစာဆောင်းပါး (၃၇) ပုဒ် ပါဝင်ကြောင်း၊ ဆရာက လူတိုင်းမှာ စွမ်းအား (၂) မျိုးရှိကြောင်း၊ ကာယစွမ်းအားနှင့် ဥာဏစွမ်းအားဖြစ်ကြောင်း၊ ပညာနှင့်တူသော အလင်းရောင်၊ စေတနာနှင့်ကံ၊ အတွေးအကြံ၊ တာဝန်သိစိတ်၊ တာဝန်မဲ့မှု၊ လမ်းမှန်သိပါစသည့်ဆောင်းပါးများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်ချိန်က “ဘဝဇာတ်ဆောင်များ” ဆောင်းပါးမှ လူတွေက ဘဝဇာတ်ခုံပေါ်မှာ တက်လာကြပြီး ကိုယ်ကျရာ ဇာတ်ဆောင်၊ ဇာတ်ရုပ်နေရာကနေ ကပြရာမှာဖြစ်ကြောင်း၊ အချိန်တစ်ခုကုန်လွန်လျှင် ဇာတ်စင်ပေါ်ကဆင်းသွားကြပြီး စင်ပေါ်ကနေ ပျောက်ကွယ်သွားကြမှာပင်ဖြစ်၍ အကောင်းဆုံးများကို ကပြရန်လိုကြောင်းပြောကြားခဲ့ပြီး၊ Youth Club အဖွဲ့ဝင် မမေရှင်းက “ခေတ်သစ်ဆီသို့” ဆောင်းပါးကို တက်ရောက်လာသော အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)