မင်္ဂလာဒုံ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သမိုင်းဝင်ကျိုက္ကလော့စေတီတော် (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်ဆိမ်းလောင်းလှူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများမှ ရန်ကုန်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် တက်ရောက်လာသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြသည်။
ဆက်လက်၍ သံဃာတော် (၁၂၅) ပါးနှင့် သီလရှင်များအား တပ်မတော်မိသားစုများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအတွင်းနေ မိဘပြည်သူများက ဆွမ်းဆန်ဆိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ဌေးလင်း