မိုးနဲ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် Clean and Green ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အများပြည်သူများ သွားလာအဆင်ပြေစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လွယ်မြေရပ်ကွက်အတွင်းရှိ စံပယ်လမ်းကတ္တရာလမ်းသစ် ပြီးစီးသွားပြီဖြစ်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်း၊ ဝဏ္ဏကျော်ထင်စိုင်းမျိုးသန့်နှင့် မြို့မိမြို့ဖ ဦးစိုင်းငွေစိုးတို့က ဖဲကြိုးဖြတ်၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်တွင်း စည်ပင်သာယာလှပစေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များအားလည်းကောင်း၊ မြို့မိမြို့ဖ ဦးစိုင်းထွန်းလှက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီး ပြောကြားပေးခဲ့ကြသည်။ ထို့နောက် အ.ထ.က(မိုးနဲ) ကျောင်းသား/သူလေးများက ဘင်ခရာနှင့် ပန်းပွားအကတို့ဖြင့် တင်ဆက်ခဲ့ကြပြီး မုခ်ဦးအား နံ့သာရည်ဖြင့် ပတ်ဖြန်းခဲ့ကြပြီးနောက် စုပေါင်းဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နာ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်နေပြည်သူများ၊ ကြက်ခြေနီအသင်း(ခွဲ) စေတနာ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)