ပြင်ဦးလွင် ဖေဖော်ဝါရီ ၅
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တွင် အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၃ နာရီက အင်းထိပ်ဦး-ကျီးကိုင်လမ်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးငွေဇင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ May Myo Development ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးလက်နေပြည်သူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်ဇေယျံလင်းမှ လမ်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် ဖောက်လုပ်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး May Myo Development ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အင်းထိပ်ဦး-ကျီးကိုင် ကျေးရွာချင်းဆက်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်ပစ္စည်းများအား အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများထံသို့ ပေးအပ်သည်။
ဆက်လက်၍ အင်းထိပ်ဦး-ကျီးကိုင်ကတ္တရာလမ်းသစ်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သော တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လမ်းပိုင်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
အဆိုပါ အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်း (၂/၀ မိုင် x ၁၂ ပေ x ၁၅ လက်မ) ကတ္တရာလမ်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် May Myo Development ကုမ္ပဏီက (၁/၃.၄)မိုင်အား တိုင်းဒေသကြီး ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေကျပ် (၄၇၀.၂၅၄) သန်းဖြင့် တင်ဒါအောင်မြင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျန်(၀/၄.၆)ဖာလုံအား ကုမ္ပဏီမှ လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်းကတ္တရာလမ်းသည် အကျိုးပြုကျေးရွာ (၄)ရွာ၊ အကျိုးပြုအိမ်ခြေ (၈၄၄)အိမ်၊ အကျိုးပြုလူဦးရေ (၃၇၃၇)ဦး၊ စိုက်ပျိုးမြေဧက ၅၅၀ ဧကကို အကျိုးပြုမည့်လမ်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)