နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဒေသတစ်ခုထုတ်ကုန်တစ်မျိုး (One Region One Produce) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အသေးစား၊အငယ်စားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်း (MSME) များ အရှိန်အဟုန်ဖြင့် တိုးတက်ပေါ်ထွန်းလာရေးသည်၊ နိုင်ငံတော်အတွက် အရေးပါသည့် လုပ်ငန်းဖြစ်သည့်အပြင်၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ( One Village, One Produce) များ ပေါ်ထွန်းလာရေးသည်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သကဲ့သို့၊ အဆိုပါ (OVOP) များ၊ များစွာပေါ်ထွန်းလာမှသာ၊ နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပေသည်။
အဆိုပါ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးအဖြစ် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အလှဆင်လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကျေးရွာများ မြန်မာနိုင်ငံတစ်နံတစ်လျားတွင် မြောက်များစွာရှိသည့်အနက်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း ဝါးအခြေခံလက်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကျေးရွာလေးများ ရှိနေပေသည်။ အဆိုပါကျေးရွာများမှာ ရွာလုကျေးရွာအုပ်စု ရွာလုကျေးရွာ၊ ရွာလပ်ကျေးရွာ၊ ပေါက်သစ်ကျေးရွာနှင့် ဆုံရွာကျေးရွာအုပ်စုရှိ ရိုးခြားကျေးရွာလေးများဖြစ်ပြီး၊ ဝါးကုန်ကြမ်းမှ အချောထည် လူသုံးကုန်ပစ္စည်းများဖြစ်သည့် နှစ်ထပ်တင်းတောင်း၊ စိတ်တောင်း၊ ခွဲတောင်း၊ ပြည်တောင်းများ၊ လက်ကိုင်ခြင်း အကြီး/ အသေးမျိုးစုံ၊ ကန်တော့်ပွဲတောင်းများ၊ မီးဖိုချောင်သုံး စားပွဲအုပ်ဆောင်း အကြီး/ အသေး၊ ရေအိုးဖုံး အကြီး/ အသေးမျိုးစုံ၊ ဆန်ကော၊ ဆန်ကာ အစိတ်/ အကျဲ ဆိုဒ်စုံတို့ကို နေ့စဉ်မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိနေကြပြီး၊ ဝါးကုန်ကြမ်းမှ ဝါးလက်မှု ကုန်ချောထုတ်လုပ်မှုမှာ အဆိုပါကျေးရွာလေးများ၏ မိရိုး,ဖလာ လုပ်ငန်းဖြစ်ကြောင်းလည်း လေ့လာသိရှိရပါသည်။ သို့ဖြစ်၍ အဆိုပါဝါးလက်မှုလုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် ကျေးရွာများအနက် ဆုံရွာကျေးရွာအုပ်စု ရိုးခြား ကျေးရွာ လေးသို့ ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေသူ မသင်းသင်းကြိုင်နှင့် ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ဒီဝါးအချောထည်လုပ်ငန်းအတွက် ဝါးကုန်ကြမ်းကို ဘယ်လိုဝါးအမျိုးအစား အသုံးပြုပါသလဲ….
ဖြေ- ဝါးကုန်ကြမ်းအနေနဲ့ကတော့ ဝါးပိုးဝါးလို့ခေါ်တဲ့ ကျသောင်းဝါးကို အသုံးပြုပါတယ်ရှင့်…
မေး- ဝါးကုန်ကြမ်းကို ဘယ်ကနေဝယ်ယူရရှိပြီး ဝါးတစ်လုံးတန်ဘိုးအနေနဲ့ ဘယ်လောက်ရှိပါသလဲ…
ဖြေ- ဝါးကုန်ကြမ်းကိုတော့ ကျွန်မတို့ ကျောက်ပန်းတောင်းမြို့ပေါ်မှာရှိတဲ့ ဝါးထောင်တွေကနေ ဝယ်ယူရရှိပါတယ်ရှင့် ဝါးတန်ဘိုးအနေနဲ့ကတော့ ဝါးတစ်လုံးကို ရွာအရောက် အခုလက်ရှိ ပေါက်ဈေး ၁၆၀၀ ကျပ် ကျပါတယ်…
မေး- ဒီဝါးတစ်လုံးကို ကုန်ချောအနေနဲ့ ဘယ်လိုကုန်ပစ္စည်းတွေကို ဘယ်လောက်များ ထုတ်လုပ်နိုင်ပါသလဲ…
ဖြေ- ဝါးတစ်လုံးအနေနဲ့ကတော့ ပြောလို့မရပါဘူး… ကျွန်မတို့က ဝါး ၇ လုံး/ ၈ လုံးကနေ၊ ၁၀ လုံးအထိပါတဲ့ ဝါးတစ်စီးကို နှစ်ထပ်ခွဲတောင်းလုပ်မယ်ဆိုရင် အလုံး ၃၀ လောက်ရပြီး… နှစ်ထပ် တင်းတောင်းလုပ်မယ်ဆိုရင် အလုံး ၂၀ လောက် ရပါတယ်… ဆန်ကော..ဆန်ကာ ရက်လုပ်မယ်ဆိုရင်တော့ အချပ် ၄၀ လောက်ရနိုင်ပါတယ်…
မေး- ဒီတင်းတောင်းတွေ ခွဲတောင်းတွေ ရက်လုပ်မယ်ဆိုရင် လူတစ်ယောက်လုပ်အားအနေနဲ့ တစ်နေ့ကို ဘယ်လောက်များ လုပ်ကိုင်နိုင်ပါသလဲ…
ဖြေ- ဒီလုပ်ငန်းက လူတစ်ဦးချင်းအနေနဲ့ တစ်နေ့ကို တစ်တောင်း..နှစ်တောင်းရယ်လို့ မဟုတ်ပါဘူးရှင့်… မိသားစုအားလုံး ဝိုင်းဝန်းလုပ်ကိုင်ရတဲ့ လုပ်ငန်းပါ...။ တစ်ဦးက ဝါးခွဲ၊ နှီးသပ်…တစ်ဦးကို လွှာချင်းရက်…တစ်ဦးက ခွေကွပ်… အဲ့သလိုပေါ့ စုပေါင်းပြီးလုပ်ရတဲ့ လုပ်ငန်းပါ… ဒါ့ကြောင့် မိသားစုများရင် များသလို လုပ်ငန်းပြီးမြောက်ပြီး..ဝင်ငွေ ပိုမိုရရှိပါတယ်ရှင့်။
မေး- ဒီဝါးကုန်ချောတွေကို ဈေးကွက်တင်ပို့တဲ့အခါမှာ ဘယ်ဒေသတွေကို ဘယ်လိုတင်ပို့ရောင်းချပါသလဲ၊ ဈေးနှုန်းအနေနဲ့ ဘယ်လိုသတ်မှတ်ရောင်းချပါသလဲ
ဖြေ- ဝါးကုန်ချောတွေကို ကျွန်မတို့အနေနဲ့ မြန်မာပြည်အနှံ့ တင်ပို့ရောင်းချပါတယ်…။ တစ်ဦးချင်းတစ်ပိုင်တစ်နိုင်အနေနဲ့ကတော့ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဖောက်သည်ပေးပို့ပါတယ်..တစ်ချို့ကလည်း ရပ်ကွက်တွေမှာ အထမ်းနဲ့ လှည့်လည်ရောင်းချပါတယ်..။ ကုန်ပစ္စည်းများရင် များသလို လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့အချိန်တုံးကတော့ ကားစင်းလုံးငှာပြီး မကွေး၊ မန္တလေး၊ ပခုက္ကူ၊ ရှမ်းပြည်၊ တရုတ်ပြည် နယ်စပ်မြို့တွေအထိ သွားရောက်ရောင်းချကြရပါတယ်…။ ဈေးနှုန်းအနေနဲ့ကတော့ မြို့ပေါ်ဖောက်သည်ပေးတဲ့ဈေးပဲ ဝါးပေါက်ဈေးအပေါ်မူတည်ပြီးတော့ ပုံသေသဘောမျိုးရှိပါတယ် ကျန်တဲ့ဒေသတွေကိုတော့ ဝေးရင်ဝေးသလို ကိုယ့်သယ်ယူစရိတ်တွေ… စားသောက်စရိတ်တွေနဲ့ ကာမိအောင် ကြည့်ယူကြရတာပါပဲ…
မေး- ညီမလေးတို့အနေနဲ့ ဒီဝါးလက်မှုလုပ်ငန်းကို ဘယ်အရွယ်ကတည်းက စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါသလဲ..
ဖြေ- ကျွန်မတို့ရွာမှာတော့ ၆နှစ် ၇နှစ်ဆိုရင် ဒီဝါးလက်မှုလုပ်ငန်းကို စတင်လုပ်ကိုင်ကြရပါတယ်…ကလေးတွေအနေနဲ့ကတော့ လူကြီးတွေ နှီးသပ်ပြီးသား ဝါနှီးတွေနဲ့ပဲ ကန်တော့်ပွဲထည့်တဲ့တောင်းလေးလိုမျိုး လွှာချင်းလေးတွေလိုမျိုး လွယ်ကူတာလေးတွေကို မိမိတို့ တတ်စွမ်းသလောက် ကျောင်းအားချိန်မှာ မိဘကိုကူရင်း စတင်ရက်လုပ်ကြရပါတယ်…
မေး- ဒီရွာမှာ အိမ်ခြေဘယ်လောက်များ ဒီဝါးလုပ်ငန်းကို လုပ်ကိုင်ကြပါသလဲ…
ဖြေ- ကျွန်မတို့ရွာမှာတော့ မိရိုး,ဖလာအလုပ်တစ်ခုလိုဖြစ်နေတော့ တစ်ရွာလုံးနီးပါး ဒီဝါးလုပ်ငန်းနဲ့ဘဲ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်..ယာလုပ်ငန်းလုပ် ကိုင်သူက ၁၀ ဦးလောက်ဘဲရှိပါတယ်…။
မေး- အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတက် ကျေးဇူးတင်ပါတယ်ညီမလေးရေ...
အဆိုပါ ရိုးခြားကျေးရွာလေးတွင် အိမ်ခြေ ၁၉၃ အိမ်ရှိ၍ လူဦးရေအားဖြင့် ၉၇၀ ဦးရှိကြောင်း သိရပြီး အိမ်ခြေအနည်းငယ်ခန့်သာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရပြီး၊ အများစုမှာ ဝါးအခြေခံ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြကြောင်းသိရပြီး၊ ဝါးလက်မှုလုပ်ငန်းမှာ တစ်ဦးချင်းလုပ်ကိုင် ဆောင်ရွက်နိုင်သော်လည်း မိသားစုအလိုက် စုစုစည်းစည်း လုပ်ကိုင်ဆောင်ရွက်မှသာ လုပ်ငန်းပိုမိုတွင်ကျယ်ပြီး၊ လုပ်ငန်းတွင် ကျယ်သလောက် ဝင်ငွေရရှိနိုင်သဖြင့် မိသားစုအလိုက် ကလေး/ လူကြီးမရွေး လုပ်ကိုင်ကြရကြောင်းနှင့် နေ့/ည အချိန် ခွဲခြားခြင်းမရှိဘဲ အားလျှင် အားသလို တစ်ယောက်တစ်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ကြကြောင်း သိရပါသည်။ ရရှိလာသည့် ကုန်ချောပစ္စည်းများကိုမူ တစ်ဦးချင်းအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော်လည်းကောင်း လှည့်လည်ရောင်းချကြကြောင်းနှင့် ပြည်တွင်းဈေးကွက်သာမက အိမ်နည်းချင်းနိုင်ငံများဖြစ်သည့် လာအိုနိုင်ငံနှင့်တရုတ်နိုင်ငံနယ်စပ်မြို့များအထိပင် သွားရောက်ရောင်းချနိုင်ကြကြောင်း သိရသည်။ သို့ရာတွင် အဆိုပါထုတ်လုပ်မှုလုပ်ငန်းများသည် ဝါးကုန်ကြမ်းမှ သာမန်ကုန်ချောပစ္စည်းအဖြစ်သာ ထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး၊ ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ ခေတ်မီဆန်းသစ်မှုနှင့် တာရှည်ခံမှုတို့သည် နည်းပညာပိုင်းအရ လိုအပ်ချက်များရှိနေသေးကြောင်း လေ့လာသိရှိရပါသည်။
သို့ဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား အရှိန်အဟုန်ဖြင့် တိုးတက်နိုင်စေရန်၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Produce) အစီအစဉ်နှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး (One Reigion One Produce) ဟူသော အစီအစဉ်များကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အားပေးဆောင်ရွက်လျှက်ရှိသည့်နည်းတူ၊ အသေးစား အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက်၊ ယခုလို ဝါးလက်မှုလုပ်ငန်းဖြင့် ကုန်ချောပစ္စည်းထုတ်လုပ်မှုကို မိရိုးဖလာအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ကျေးရွာလေးများ၏ အဆင့်မြင့်နည်းပညာနှင့် ငွေကြေးအရင်းအနှီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပိုမိုလှပသေသပ်သည့် အဆင့်မီ ဝါးအချောထည် အိမ်သုံးပစ္စည်းလေးများအဖြစ် ပြည်တွင်းဈေးကွက်သာမက၊ နိုင်ငံတကာ ဈေးကွက်အထိပင် တွင်ကျယ်စွာ ခြေဆန့်နိုင်မည်ဖြစ်သည့်အပြင်၊ ကျေးရွာနေမိသားစုလေးများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မေသက်နွယ် (ပြန်/ဆက်)