ပြင်ဉီးလွင် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေလေ့လာခြင်းများကို ခရီးသွားများ ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရည်ရွယ်ကာ ပြင်ဉီးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၄ ဖွင့်ပွဲကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က အမျိုးသားကန်တော်ကြီးဉယျာဉ်အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဉီးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး နံနက် (၀၈:၀၀)နာရီအချိန်က စက်ဘီးစီးနင်းလိုက်ပါသူများကို အမျိုးသားကန်တော်ကြီးဉယျာဉ်အတွင်းမှ စတင် တာလွတ်ပေးခဲ့သည်။
အဆိုပါ စက်ဘီးစီးအဖွဲ့သည် သတ်မှတ်လမ်းကြောင်းအတိုင်း ကန်တော်ကြီးအတွင်း ပတ်လမ်း၊ ကန်တော်ကြီးအပြင် တာဘောင်နှင့် ပတ်လမ်း၊ ကန်တော်ကြီးမှ မြို့ရှောင်လမ်း- ဆင်ခေါင်းလေးကျေးရွာလမ်းဆုံအထိ၊ မြို့ရှောင်လမ်း၊ မန္တလေး-လားရှိုးလမ်းအတိုင်း ပျော်ရွှင်စွာ စီးနင်းထွက်ခွာလာပြီး ပွဲကောက်ရေတံခွန်နေရာတွင် ပြန်လည်လူစုပြီး နားနေခြင်းများ၊ အမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်း၊ ပွဲကောက်ကျေးရွာမရောက်မှီ လမ်းဘေး ဝဲ/ယာရှိ စိုက်ခင်းများ၊ ရှုခင်းများတွင် ဓါတ်ပုံရိုက်ကူးခြင်း ပြုလုပ်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ဒီဇင်ဘာရေတံခွန်နှင့် အပန်းဖြေစခန်း (ဒီဇင်ဘာခြံ)သို့ ဆက်လက်စီးနင်း ထွက်ခွာခဲ့သည်။
အဆိုပါ စီတန်း၍ ဝင်ရောက်လာသော စက်ဘီးစီးသမား (၃၅၀)ဦးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖွဲ့နှင့် တာဝန်ရှိသူများမှ အမှတ်တရ လည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီးနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)