ကျောက်ပန်းတောင်းမြို့ ဗိုလ်ချုပ်လမ်းတွင် နိုင်လွန်ကတ္တရာလမ်းအရှည် ပေ (၈၃၀)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ခေတ်မီမြို့ပြများ ပေါ်ထွန်းလာစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့မတောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်းမကြီးမှ မြို့မစည်ပင်သာယာဈေးသို့ သွားရာလမ်းဖြစ်သည့် မြို့မတောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းအား မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၉၂.၅၄၄)သန်းဖြင့် လမ်းအရှည် (၈၃၀)ပေ၊ လမ်းအကျယ် (၁၆)ပေ၊ ထု (၃)လက်မခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ (၂)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ပိုင် Sensor Paver ယာဉ်(၁)စီး ၊ 2 Wheel Roller ယာဉ် (၁)စီး၊ Tyred Roller ယာဉ် (၁)စီးတို့ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်အေး၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်မြတ်သက်နှင်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး၊ ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန်အတွက်၊ လမ်းပုခုံး ဆေးလိုင်းတားခြင်း၊ လုပ်ငန်းများအား အချိန်နှင့်တပြေးညီ အမြန်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)