နမ့်စန်(တ) အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် ကြိုတင်မဲများ စတင်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် အသက်၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအလိုက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲပေးနေမှုကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် ၁၁ခု နှင့်ကျေးရွာအုပ်စု ၂၀ခု တို့၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ ၉၁၆၉၆ ဦးရှိပြီး အောက်တိုဘာလ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူဦးရေ ၄၄၀ ဦး ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)