ချမ်းမြသာစည် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄x၁၀၅ဘလမ်းကြား သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)၏ ဇမ္ဗူရစ်ရွှေစင်ခန်းမတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ပထမနှစ်ဘီဒီအက်စ် (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၀၉:၀၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် ဌာနဆိုင်ရာများ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်သီဟနှင့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆေးနှင့်ဆေးနည်းနွယ်တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးက္ကသိုလ်(မန္တလေး) မောင်မယ်သစ်လွင်များမှ အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယနှစ်ဘီဒီအက်စ် သင်တန်းသူ မနိုဝင်ဘာအောင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ပထမနှစ် ဘီဒီအက်စ် ကျောင်းသူ မအေးမြပိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင်ထူးချွန်စွာ အောင်မြင်သူများနှင့် (၇၆)ကြိမ်မြောက်လွတ်လပ်ရေးနေအကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများအား သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)၊ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါသည်။
ချမ်းမြေ့