ကျောက်ဆည် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာအုပ်စု၊ သင်တောင်းကျေးရွာတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီး၏ မဟာရွှေသိမ်တော်မြတ်စွာဘုရားဓမ္မာရုံကြီးတွင် ယနေ့နံနက်(၉)နာရီက ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပိတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပိတ်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ကျောက်ဆည်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ မဟာရွှေစေတီကျောင်းတိုက် ဘဒ္ဒန္တပညာသာမိ ဆရာတော်ထံမှ ငါးပါးသီလတရား ခံယူဆောက်တည်ခဲ့ပြီး ကြွရောက်တော်မူလာကြသော သံဃာတော်များမှ ပရိတ်တော်များရွတ်ဖတ်ခဲ့ကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆရာတော်ကြီးများထံသို့ လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် တရားတော်မြတ်နာယူခဲ့ကြသော နတ်ဗြဟ္မာများအား တောင်လွှဲကျေးရွာ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာလာက ပြန်လည်ပို့ဆောင်ခဲ့ပြီး မဟာရွှေသိမ်တော်ဩဝါဒစရိယ၊ ရပ်ကွက်၊ ကျေးရွာ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒကုမာရဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓဿာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းနှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွက်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ (၉)ရက်နေ့မှ ဖေဖော်ဝါရီ(၂)ရက်နေ့အထိ (၂၇)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)