ဒလ ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က အ.ထ.က(ရခိုင်ချောင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက မူးယစ်ဆေးဝါးအမျိုး အစားများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းစသည့် လူငယ်နှင့်မူးယစ် ဆေးဝါးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့(၂) ဦးရွှေလှိုင်က လူငယ်နှင့်အနာဂတ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တွဲဖက်နည်းစနစ်မှူး ဒေါ်ခင်လင်းစိန်က လူငယ်နှင့်အားကစား ခေါင်းစဥ်တို့ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)