မိုင်းဖြတ်မြို့နယ်၌ (၂၄)ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​​ဖေ​ဖော်ဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လှူဒါန်းလျက်ရှိသည့် (၂၄)ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ​ဖေ​ဖော်ဝါရီ ၃ရက် နံနက်၉နာရီက နားလီး​ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ န​မောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့​နောက် ယန်းခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်း​နောက် နားလီး​ကျေးရွာ ​ကျောင်းထိုင်ဆရာ​တော် ဦးဘာသ​ဘောထံ ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်လင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက တစ်ဆုပ်ဆန် (၂၄)ပြည်ပါ ၈အိတ်၊ စားဆီ(၁၀)ပိသာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့​နောက်လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျဘုန်းတော်ကြီးကျောင်းများသို့  လှူဒါန်းခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဘုန်းတော်ကြီး ကျောင်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း  သိရသည်။

​မြို့နယ်(ပြန်/ဆက်)