မတ္တရာ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အောင်မြေသုခကျောင်းတိုက်တွင် ဥပ္ပါတသန္တိကျမ်းတော်မြတ်အား ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ရက်နေ့ အထိ ၂၇ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့သည့် အောင်ပွဲအထွတ်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ချမ်းသာကြီးကျောင်းဆရာတော်ဘုရားထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လှူဖွယ်ဝတ္ထုများကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ မေတ္တာသုတ် အစရှိသော ပရိတ်တော်များကို ရွတ်ဖတ်သရဇ္ဇာယ် ချီးမြှင့်တော်မူခဲ့ကြသည်။ ထို့နောက် ချမ်းသာကြီးကျောင်းဆရာတော်ဘုရားမှ ရေစက်ချအနုမောဒနာတရားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်တို့အား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)