မန္တလေး အောက်တိုဘာ ၃၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် အသက်(၆၀)နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ရန်အတွက် ကြိုတင်ဆန္ဒမဲ ပေးရန် အမှန်တကယ်လိုအပ်သူများက သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အောက်တိုဘာ၂၉ရက် နေ့မှစတင်၍ ကြိုတင်ဆန္ဒမဲ များကိုပေးလျက်ရှိကြရာ ဆန္ဒမဲပေးမှုများ အဆင်ပြေ ချောမွေ့စေရန်နှင့် လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆီးဆောင်ရွက်ပေးနိုင်ရန်နှင့် ပြုပြင်စရာရှိပါက ပြုပြင် ဆောင်ရွက်ပေးသွားနိုင်ရန်တို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် အဖွဲ့ဝင်(၁၄)ဦးတို့က မြို့နယ်အတွင်း အုပ်စုနှစ်စုခွဲ၍ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အောင်မြေသာစံမြို့နယ်တွင် ရပ်ကွက်ကြီး(၁၉) ရပ်ကွက်ရှိပြီး မဲရုံပေါင်း(၉၂)ရုံ၊ မဲဆန္ဒရှင်စုစု ပေါင်း(၁၈၆၂၅၅)ဦး၊ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် စုစုပေါင်း(၁၁၃၈)ဦးနှင့် အသက်(၆၀)နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း (၂၅၈၀၂)ဦးရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)