စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၀င်းအတွင်းရှိ မွေးမြူထားသော ခွေးများအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

စဉ့်ကိုင်  ဖေဖော်ဝါရီ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာ ကျောက်ဆည်တက္ကသိုလ်၀င်းအတွင်းရှိ မွေးမြူထားသောခွေးများအား ယနေ့နံနက် ၁၀ က  ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ  လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ၀င်းညွန့်လှိုင်ကကြီးကြပ်၍ ဒေါက်တာ ခင်သန္တာထူးနှင့်၀န်ထမ်းများက ကျောက်ဆည်တက္ကသိုလ်၀င်းအတွင်းရှိ  အိမ်၌အလှမွေးခွေးများနှင့် ကျွေးမွေးစောင့်ရှောက်ထားသောခွေးများ၊  စုစုပေါင်းခွေး (၃၉)ကောင်အားခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခွေးများမွေးမြူရာတွင် မိမိအိမ်၌မွေးထားသော ခွေးများအား လူစားသောအစားအစာများကို ကျွေးမွေးရာတွင် ခွေးများနှင့်မတည့်သော အစားအစာများလည်းရှိကြောင်း၊ ဓာတ်မတည့်သော အစားအစာများစားမိပါက ခွေး၏ကိုယ်အပူချိန်တက်ခြင်း၊ ခန္ဓာကိုယ်နုံးချိနေခြင်း၊ အန်ခြင်း၊ သွားရည်များကျခြင်း၊  ပါးစပ်မှအမြုပ်များထခြင်း၊ ခြေလက်များတဆက်ဆက်တုန်နေခြင်း စတဲ့လက္ခာများ ပြလာမှာဖြစ်ကြောင်းနှင့် ယခုလိုရောဂါလက္ခဏာများပြသလာပါက နီးစပ်ရာတိရစ္ဆာန် ဆေးကု ဆရာ၀န်များနှင့်  အမြန်ဆုံး ဆက်သွယ်ကုသကြရန်၊  မိမိတို့ကျွေးမွေးထားတဲ့ လမ်းခွေးများရှိပါကလည်း စနစ်တကျမွေးမြူကြဖို့ လိုအပ်ကြောင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကို ပုံမှန်ထိုးနှံပေးဖို့ လိုအပ်ကြောင်းများကိုမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်ခင်သန္တာထူးကအသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)