မိုင်းယောင်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အပေါ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မိုင်းယောင်း  ဖေဖော်ဝါရီ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးနွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊  ပြည်သူများ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး (ကိုယ်စား) ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဦးနေသူဟန်က ဂုဏ်ပြုဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ပြုဆုချီးမြှင့်ပြီး သင်တန်းနည်းပြတစ်ဦးနှင့် သင်ယူသူတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)