တန့်ယန်း ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တန့်ယန်း-လားရှိုး လမ်းမကြီးပေါ်ရှိ တန့်ယန်း-ဟိုယလမ်းအပိုင်းမှ ဥဒေါင်း ပျော်စေတီအနီးလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိဌာနဆိုင်ရာများက ကြည့်ရှုရာမြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာ(မြို့ပြ) ဦးတိုးဇေယျာလင်းနှင့် တာဝန်ရှိသူ တို့က လိုက်လံရှင်းလင်းပြသခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေမှ လမ်းအား (၀ ဒဿမ ၃) ကီလိုမီတာကို (၃ ဒဿမ ၆၆) မီတာ အကျယ်မှ (၅ ဒဿမ ၅)မီတာ အကျယ်ရရှိစေရန် အခြေခံလွှာထုခင်းခြင်း၊ အပွန်းခံလွှာထုခင်းခြင်း၊ စိမ့်ဝင်ကတ္တရာနှင့် ရေပိတ်လွှာလောင်းခြင်းလုပ်ငန်းနှင့် အရှည် တစ်မိုင် ခြောက်ဖါလုံအား လမ်းသား အကျယ် (၃၆)ပေ ရရှိရန်မြေသားလမ်း တို့ချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)