ဒလမြို့နယ်၌ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးနေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် အောက်တိုဘာ  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ်နှင့် အထက်ရှိသော  နေအိမ်များသို့  အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့်  သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက လိုက်လံ၍  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်တွင်  အောင်မင်္ဂလာရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲ လာရောက် ပေးနေမှု ၊  အံ့ကြီးအရှေ့ရပ်ကွက်နှင့် စက်မြေရပ်ကွက် အတွင်းရှိ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များအား  ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက် ကောက်ယူနေမှု အခြေအနေများနှင့် ပတ်သက်၍ အဆင်ပြေမှုရှိစေရေး၊  မှန်ကန်မှုရှိစေရေးနှင့်  ကြိုတင်ဆန္ဒမဲပုံး လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးသိန်း က လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ အသက်(၆၀)နှစ်နှင့် အထက်ရှိသော သက်ကြီးဘိုးဘွားများအား ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာ ရောက် ကောက်ယူမှုကို အောက်တိုဘာလ ၂၉ ရက်နေ့မှ  စတင်၍  နိုဝင်ဘာလ ၅ ရက်နေ့အထိ  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့၌  အသက်(၆၀)နှစ် နှင့် အထက် သက်ကြီး ဘိုးဘွားများ ကြိုတင်ဆန္ဒမဲ ပေးပြီးသူ စုစုပေါင်း ၄၃၅၀ ဦး ရှိကြောင်း၊ ဒလတစ်မြို့နယ်လုံးအနေဖြင့် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၄၉၈၄ ဦး အထိရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ  သိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)